“ ဒုက္ခဝေဒနာကိုနိုင်အောင်မရှုနိုင်တော့တဲ့အခါ “

ကိုယ်ပေါ်မှာ နာမှုကျင်မှုဆိုတဲ့

ဒုက္ခဝေဒနာတွေဖြစ်ပေါ်နေပေမဲ့

အဲဒီဒုက္ခဝေဒနာတွေကို

ဖြစ်ပျက်မြင်အောင်ရှုမှတ်နိုင်တယ်ဆိုရင်

စိတ်ထဲမှာ စိတ်ညစ်ညူးမှုဆိုတဲ့

ဒေါမနဿဝေဒနာ ဒေါသစိတ်တွေ

ဖြစ်ပေါ်ခွင့်မရတော့ပါဘူး။

ပါဠိတော်တွေမှာတော့

ဒုက္ခဝေဒနာတွေမခံနိုင်တော့ဘူးဆိုရင်

ဝေဒနာတွေကိုခွါပြီး မူလကမ္မဌာန်းကို

ရှုရမယ်လို့ဆိုထားပါတယ်၊

ဒါဟာ ဒုက္ခဝေဒနာကိုအကြောင်းပြုပြီး

ဒေါမနဿဝေဒနာကပေါ်လာတတ်လို့

ဒေါမနဿဝေဒနာတွေပေါ်ခွင့်မရအောင်

ရှုမှတ်တဲ့နည်းဖြစ်ပါတယ်။

မူလကမ္မဌာန်းဆိုတာက ဝင်လေထွက်လေကို

ရှုမှတ်တဲ့ကမ္မဌာန်းပဲဖြစ်ပါတယ်၊

ခန္ဓာကိုယ်မှာ ဝင်လေထွက်လေဆိုတာ

အမြဲတမ်းရှိနေတာဖြစ်လို့

ဝင်လေထွက်လေကိုသိဖို့အတွက်

သီးသန့်စောင့်ဆိုင်းနေစရာမလိုပါဘူး။

ဝင်လေထွက်လေဆိုတာ

သိသာတယ်၊ထင်ရှားပါတယ်၊

တရားစတင်ရှုမှတ်တဲ့အခါမှာ

ဝင်လေထွက်လေကိုပဲ စပြီးရှုရပါတယ်၊

ဒါကြောင့်လည်း မူလကမ္မဌာန်းလို့

ခေါ်ဆိုကြတာဖြစ်ပါတယ်။

ဒုက္ခဝေဒနာတွေပြင်းထန်လာလို့

ဝေဒနာကို မှတ်စိတ်နဲ့

နိုင်အောင်မရှုနိုင်တော့ဘူးဆိုရင်

ဝေဒနာကိုမရှုတော့ပဲ ဝင်လေထွက်လေကို

ပြောင်းရှုပေးရမယ်လို့ဆိုလိုပါတယ်၊

ဝင်လေဝင်လာလိုက် ပျက်သွားလိုက်၊

ထွက်လေထွက်သွားလိုက် ပျက်သွားလိုက်၊

အဲဒီလို သိသိပေးနေရမယ်။

ဝင်လေထွက်လေဆိုတဲ့ ဝါယောဓာတ်ကသာ

ပျက်ပျက်သွားနေတာ မဟုတ်ဘူး၊

ဝင်လေထွက်လေကို

သိသိပေးနေတဲ့အသိစိတ်ကလည်း

ဝင်လေထွက်လေနဲ့အတူ

ပျက်ပျက်သွားနေတာပါပဲ။

ဝင်လေသိပျက်၊ထွက်လေသိပျက်၊

အသိတစ်ခုပျက်ပြီးတော့

နောက်အသိတစ်ခုက အစားထိုးပေါ်နေတာပါ၊

အဲဒီအပေါ်မှာ ဖြစ်ပျက်မြင်အောင်

ရှုမှတ်ပေးနိုင်တယ်ဆိုရင်

ကိုယ်ကနာနေပေမဲ့ စိတ်နာမှုဆိုတဲ့

ဒေါမနဿဝေဒနာ မပေါ်လာနိုင်တော့ဘူးပေါ့။

ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက

ဝေဒနာခွါရှုရမယ်ဆိုတာနဲ့ပတ်သက်လို့

“ ဝေဒနာခွါရှုတယ်ဆိုတာက

ဒါဝေဒနာမဟုတ်ဘူး၊အနိစ္စဖြစ်တယ်ဆိုတာကို

သိအောင်လုပ်ကြ “ လို့

မိန့်ကြားတော်မူခဲ့ပါတယ်။

ယောဂီတို့ဟာ ဒုက္ခဝေဒနာပေါ်လာတဲ့အခါ

ဒုက္ခဝေဒနာပျောက်ဖို့ဆိုတဲ့

ရည်ရွယ်ချက်နဲ့ ရှုရမှာ မဟုတ်ဘူး၊

ဖြစ်ပျက်မြင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သာ

ရှုရမှာဖြစ်ပါတယ်။

တစ်ခုတော့ရှိတာပေါ့၊

ဒုက္ခဝေဒနာကို နိုင်အောင်မရှုနိုင်တော့ဘူး၊

သမာဓိလုံးဝမရနိုင်တော့ဘူးဆိုရင်

ရွေ့သင့်တဲ့အချိန်မှာ ရွေ့ပေးလိုက်ပါ၊

သို့သော် သတိပဌာန်ကိုလက်မလွတ်စေပဲ

ရွေ့ချင်ပြောင်းချင်တဲ့စိတ်ကိုမြင်အောင်ရှု၊

ပြီးမှ ရွေ့ဆဲရုပ်ခန္ဓာရဲ့အမူအယာအပေါ်မှာ

သတိကပ်ပြီး ဖြည်းဖြည်းချင်းရွေ့ပေးလိုက်ပါ။

အဲဒါဆိုရင် ဝိပဿနာဉာဏ်က

အဆက်ပြတ်မသွားတော့ပဲ

အရှုခံအပေါ်မှာ အရှုဉာဏ်တွေက

အမြဲတမ်းကျရောက်နေမှာဖြစ်ပါတယ်ဆိုတာ

သဘောပေါက်ထားလိုက်ကြပါ၊

ယောဂီအပေါင်း သူတော်ကောင်းတို့။

ကျိုက္ကလော့ဆရာတော်

အဂ္ဂမဟာပဏ္ဍိတ၊

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊

ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ

ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊လှည်းကူးမြို့

(သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ)

Comments

Leave a Reply

Your email address will not be published. Required fields are marked *